စစ်သားတွေ စစ်တန်းလျားပြန်စေဖို့---------------------------
(၈-၃-၂၀၂၅)
မနေ့က ဘယ်လာရုစ်နိုင်ငံမှာ လုပ်တဲ့ နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲမှာ နစက ဥက္ကဌက ရွေးကောက်ပွဲကို ဒီနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီထဲမှာ လုပ်မယ်လို့ အတိအလင်း ကမ္ဘာကို ကြေငြာသွားခဲ့ပါပြီ။
“ကဲ…. ကျွန်တော်မပြောခဲ့ဘူးလား” လို့သာ မေးချင်ပါတော့တယ်။ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ရေးခဲ့၊ တွေးခဲ့တဲ့အတိုင်း အခုတော့ ဖြစ်လာခဲ့ပါပြီ။ အခုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ကြားချင်နေတဲ့ စကားက ဒီစကားပဲဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးနကန်းတစ်လုံး နားမလည်တဲ့ သူတောင် ဒီမိုကရေစီလိုချင်ပါတယ်ဆိုပြီး ဟိုးအရင် နဝတ/နယက ခေတ်တွေကတည်းက မျှော်လင့်ခဲ့ကြတာ မဟုတ်ဘူးလား။
ဒီမိုကရေစီ ရွေးကောက်ပွဲအကြောင်း အတိတ်ကို ပြန်လှန်ရရင် ၁၉၆၂ က ရှမ်းနိုင်ငံခွဲထွက်ဖို့လုပ်တဲ့အတွက် နိုင်ငံရေးမတည်ငြိမ်လို့ ဦးနုအစိုးရကိုယ်တိုင် အာဏာပေးခဲ့ဖူးတဲ့ ဦးနေဝင်းက နိုင်ငံတော်အာဏာယူတယ်၊ ဆိုရှယ်လစ်စနစ်နဲ့ အုပ်ချုပ်တယ်။ ကျောင်းသားရန်ပွဲကနေ စတင်ခဲ့တဲ့ ၁၉၈၈ ဆန္ဒပြပွဲတွေအပြီး နဝတ အစိုးရပေါ်လာတယ်၊ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးစီးတယ်။ ၁၉၉၀ မှာရွေးကောက်ပွဲပြန်လုပ်ပေးတယ်။ တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေဟာ ၁၉၉၀ ကတည်းက ဒီမိုကရေစီရဖို့ အင်မတန်နီးစပ်ခဲ့ပါတယ်။
ပြင်ဆင်မှုတွေမရှိခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့တဲ့ NLD ဟာ အဲ့ဒီအချိန်ကတည်းက နိုင်ငံရေးပါးမနပ်ခဲ့ဘူး။ အနိုင်ရပြီးပြီးချင်း အရင်ဆုံး စပြီးလုပ်တဲ့အလုပ်က နိုင်ငံတော်အတွက်မဟုတ်ခဲ့ပဲ နိုင်ငံတော်အာဏာအားလုံး လွှဲပြောင်းပေးဖို့၊ နဝတ အစိုးရကို နှုတ်ထွက်ပေးဖို့ ရှင်းရှင်းပြောရရင် လူထုအားကိုးနဲ့ အာဏာစရူးခဲ့တာပေါ့ဗျာ။
၁၉၈၈ နောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေက ဒုနဲ့ဒေး၊ အဲ့ဒီအချိန်က နိုင်ငံ့စီးပွားရေး အကြပ်အတည်းတွေကို ၁၉၈၈ မှ အမေနေမကောင်းလို့ မြန်မာနိုင်ငံပြန်လာခဲ့တဲ့၊ ဆန္ဒပြပွဲမှာ လမ်းကြုံ စကားတက်ပြောခဲ့ရပြီး နိုင်ငံရေးလောကထဲ ဝင်ခဲ့တဲ့၊ နိုင်ငံရေးအကြောင်း သိပ်နားမလည်သေးတဲ့ ဒေါ်အောင်ဆန်းစုကြည် သာကျန်ခဲ့သော NLD ပါတီ ကို အာဏာလွှဲပေးရမယ့် နဝတ အစိုးရ ဘယ်လိုယုံကြည်မလဲ။ အရေးထဲ စပြီးတောင်းဆိုတာက နဝတအစိုးရ နှုတ်ထွက်ရေးဆိုတော့လည်း ခက်တော့တာပေါ့။
ဒါကြောင့်လဲ နဝတအစိုးရဟာ အားနည်းမှုတွေ ရှိနေတဲ့ အခြေခံဖွဲ့စည်းပုံကို ပြင်ဆင်ဖို့၊ ပေါ်ပေါက်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲဖို့တွေ အဆင့်ဆင့် လုပ်ခဲ့ရပြီး အဘက်ဘက်က အချိန်ယူပြင်ဆင်ပြီးတဲ့အခါမှာတော့၂၀၁၀ မှာ ကျွန်တော်တို့ ပြည်သူတွေ လက်ထဲ ဒီမိုကရေစီ ထည့်ပေးခဲ့ပါတယ်။
ပထမဒီမိုကရေစီသမ္မတ သက်တမ်း၊ စစ်ဘက်ခေါင်းဆောင်တစ်ယောက် အသွင်ပြောင်းထားတာမို့ လူထုက မကြိုက်ဘူးဆိုရင်တောင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံဟာ အဘက်ဘက်က တိုးတက်လာခဲ့တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီလိုနဲ့ ဒုတိယတစ်ဆက်မှာ ၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု ထောက်ခံပါတယ်ဆိုတဲ့ NLD အနိုင်ရတယ်။ ဘာတွေဆက်ဖြစ်လဲဆိုတာကတော့ ကျွန်တော်တို့ မြင်ခဲ့ကြတဲ့အတိုင်းပါပဲ။
ထားပါတော့။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ။ လက်ရှိအခြေအနေကိုပဲ ရှေးရှုကြရအောင်ပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေ အားလုံး တည်ငြိမ်သွားဖို့ အရေးအကြီးဆုံးခြေလှမ်းကတော့ ရွေးကောက်ပွဲလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ ပါ့ဘလစ်နေရာတွေမှာ၊ လမ်းတွေမှာ လက်နက်ကိုင်စောင့်နေရတဲ့ ယူနီဖောင်းဝတ်တွေဟာ နိုင်ငံရေးမတည်ငြိမ်မှုကို ဖော်ပြရာရောက်တာမို့လို့ အဲ့ဒီစစ်သည်တွေကို စစ်တန်းလျားကိုပြန်ရောက်ဖို့ဆိုရင် နိုင်ငံရေးတည်ငြိမ်ဖို့လိုပါတယ်။
တနည်းအားဖြင့် စစ်သားတွေ စစ်တန်းလျားကို ပြန်ဖို့ မပြန်ဖို့ဆိုတာ ကျွန်တော်တို့ပြည်သူတွေရဲ့ တိုင်းပြည်အေးချမ်းတည်ငြိမ်မှုကို လိုချင်လား မလိုချင်လားဆိုတဲ့အပေါ် အများကြီးမူတည်နေတယ်လို့ ခံစားမိပါကြောင်း။
(ပိုင်စိုး)
FB အကောင့်အသစ်
https://www.facebook.com/profile.php?id=61573845303977Tiktok Link
https://www.tiktok.com/@paingsoepolitics?_t=ZS-8uTf2CLzqt8&_r=1Telegram Link
https://t.me/paing_soe21