ရုရှားနိုင်ငံကို မြန်မာအလုပ်သမား ၂၄ ယောက် စတင် စေလွှတ်
မတ် ၆ - ၂၀၂၅
SS (VOM)
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်ဖို့အတွက် မြန်မာအလုပ်သမား ၂၄ ယောက်ကို မနေ့ မတ် ၅ ရက်မှာ စတင် စေလွှတ်ခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint - Stock Company ‘Inturd’ Co.,Ltd ကို ကျွမ်းကျင် မြန်မာလုပ်သား ၅၄ ယောက် စေလွှတ်ဖို့ ပြင်ဆင်ထားတာမှာ ကနဦးအနေနဲ့ လုပ်သား ၂၄ ယောက်ကို Pilot Project နဲ့ စတင် စေလွှတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိမှာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ထိုးဖို့က မူကြမ်းအဆင့်ပဲ ရှိသေးတယ်။ MoU မထိုးနိုင်သေးဘူး။ ဒါကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး Pilot Project နဲ့ ၂၄ ယောက် စလွှတ်တာပါ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ် ဝင်ရောက်ရမှာပါ။ ကျန်တဲ့သူတွေကိုလည်း အမြန်ဆုံးပေါ့၊ ထပ်မံစေလွှတ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်” လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
နိုင်ငံခြားတိုင်းပြည် အသီးသီးကနေ ရုရှားနိုင်ငံကို လာရောက်ပြီး အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားတွေအဖို့ လယ်ယာလုပ်ငန်းမှာ လစာ အမေရိကန် ဒေါ်လာ ၅၀၀ ဝန်းကျင်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် လုပ်ခလစာအနေနဲ့ ရိုးရိုး General Worker တယောက်ကို အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ရရှိမှာဖြစ်ပြီး ကျွမ်းကျင်အဆင့် ဆိုရင်တော့ ဒေါ်လာ ၂၀၀၀ ကနေ ၂၅၀၀ အထိ ရရှိနိုင်မယ်လို့ သူက ပြောပါတယ်။
လစာကို ရုရှားငွေ ရူဘယ်လ်နဲ့ ပေးချေရင်တောင်မှ မြန်မာနိုင်ငံအတွင်း တနေ့ကို အနိမ့်ဆုံးလစာ ၆၈၀၀ ကျပ် (ဒါမှမဟုတ်) တရားဝင် ငွေလဲနှုန်းအရ တလကို လစာ ဒေါ်လာ ၄၀ ခန့်သာ ရရှိကြတာထက် များစွာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။
အခုလို ကနဦး အစီအစဉ်အနေနဲ့ လုပ်သား ၂၄ ယောက်ကို Pilot Project နဲ့ စေလွှတ်နိုင်ဖို့အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ မတ် ၃ ရက်မှာ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းတွေအတွက် မြန်မာအလုပ်သမားတွေကို ခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး လတ်တလော အစီအစဉ်အရ ဆောက်လုပ်ရေး လုပ်ငန်းအတွက် စတင်စေလွှတ်ခြင်း ဖြစ်တယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ ဦးချားလ်မျိုးသန့်က ပြောပါတယ်။
ဒါအပြင် ရုရှားနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိနိုင်မှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ရုရှား NGO အဖွဲ့ (အစိုးရမဟုတ်သော အဖွဲ့အစည်း) လာရောက် တွေ့ဆုံချိန်မှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရုရှားနိုင်ငံကို သွားမယ်ဆိုရင် ဟိုဘက်မှာ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးကို အပြည့်အဝ ရရှိနိုင်မှာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလတုန်းကလည်း ရုရှား NGO အဖွဲ့က MOEAA နဲ့ လာရောက် တွေ့ဆုံသွားတာ ရှိတယ်။ အဲဒီ NGO အဖွဲ့တွေကလည်း ရုရှားကို မြန်မာအလုပ်သမားတွေ အပါအဝင် နိုင်ငံတကာက အလုပ်သမားတွေ ရောက်လာခဲ့ရင် အခက်အခဲမရှိ အဆင်ပြေအောင် ဆိုပြီး နိုင်ငံတကာက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ညှိနှိုင်း လုပ်ဆောင်နေတာ ရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ရုရှားနိုင်ငံကို သွားရောက်မယ့် စနစ်ဟာ အစိုးရချင်း အခမဲ့စနစ် (Zero - Cost) ဖြစ်လို့ မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်မယ့် သူတွေအနေနဲ့ အခြေခံကုန်ကျစရိတ် အနည်းငယ်သာ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပ အလုပ်အကိုင်အတွက် MoU စနစ်နဲ့ လုပ်သား စေလွှတ်မှုတွေမှာ ထိုင်း၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့အပြင် လက်ရှိမှာ ရုရှားနိုင်ငံလည်း ပါဝင်လာပြီဖြစ်တယ်လို့ သိရပါတယ်။
Photo - MOI
VOM
https://t.me/ckkmdy969